ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၂၀၆ ဆရာရွှေဝင်း ဆောင်းပါး ...
ပြီးပြည့်စုံသော ပါတီ၏ “ပါတီတိုင်း မှန်ကန်တဲ့ အတွေးအခေါ်နှင့် မှန်ကန်တဲ့ လုပ်ရပ်တွေ ရှိမှသာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖြစ်ပေါ် လာမယ်” ဟု ၂၀၁၃ ခု နိုဝင်ဘာလ ၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မန္တလေးတိုင်း ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲတွင် မိန့်ကြားခဲ့သည်။
အစဉ်အလာ သဘာဝ
၂၀၀၈ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းပြီး ပြင်ဆင်မှုများ ပြုလုပ်ရန် အဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့သူ ပြည်ခိုင်ဖြိုးပါတီ ဒုဥက်္ကဋ္ဌ သူရဦးအေးမြင့်က “ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့က အလွန်ခက်တယ်လေ၊ ဒီ ၇၅ ရာခိုင်နှုန်း၊ နောက် ဒီ ပြည်လုံးကျွတ် ဆန်္ဒခံယူပွဲ၊ ဘယ်လိုမှ မရနိုင်အောင် လုပ်ထားသလို ဖြစ်နေပါတယ်” ဟု ဆိုကာ ပုဒ်မ ၄၃၆ (က) နှင့် (ခ) စသည့် ပြင်ဆင်ရန် ကန့်သတ်ထားမှုများကို ဦးစွာပြင်ရန် လိုအပ်သည်ဟု သူ့အမြင်ကို ပြောကြားခဲ့သည်။ အလားတူ ဒုဥက္ကဋ္ဌ ဦးဌေးဦးက “ဖွဲ့စည်းပုံ အခြေခံဥပဒေတိုင်းကတော့ ပြင်ဆင်ဖို့ ခက်တာပဲလေ၊ ထစ်ခနဲရှိ ပြင်လို့ရတယ် ဆိုလို့ရှိရင် ခက်မှာပေါ့၊ အမေရိကန်တောင်မှ သူ့ရဲ့ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုရင် ပြည်နယ်တွေအားလုံး သဘောတူမှ လုပ်လို့ရတာလေ” ဟု သူ ထိပ်ပိုင်း ၀န်ကြီးဘ၀မှာ ယခင် စစ်အစိုးရ လက်ထက် ရေးဆွဲခဲ့ကြသည့် ဖွဲ့စည်းပုံဘက်က ခုခံ ကာကွယ် ပြောကြား ခဲ့သည်။ အဆိုပါ ကွဲလွဲမှုကို ကြည့်လျှင် ပါတီများအတွင်း ခံယူချက် သဘောထား ကွဲလွဲမှု ရှိနေတတ်သည် ကတော့ အစဉ်အလာတစ်ရပ် ဖြစ်သည်။
အရှိန် မြှင့်မြဲ
ပြည်ခိုင်ဖြိုးပါတီ၏
၂၀၁၃ ဇွန်လ ၂၄ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဦးဌေးဦးက လွှတ်တော်တွင်
ကော်မတီတစ်ခု ဖွဲ့စည်းဖို့ အဆိုတစ်ရပ် သူတို့ပါတီ အနေနှင့် တင်သွင်း
ခဲ့ခြင်းသည် ဖွဲ့စည်းပုံ ပြင်မည်ဆိုပြီး တင်သွင်းခဲ့ခြင်း မဟုတ်ကြောင်းကို
“ပြင်ချင်လို့ ကော်မတီ ဖွဲ့ပေးပါလို့ တင်တဲ့သဘောတော့ မရှိဘူးလို့ပဲ
ကျွန်တော် ပြောချင်ပါတယ်” ဟု ထပ်မံ အတည်ပြုခဲ့သည်။ အကယ်၍ ပြင်ကြမည်ဆိုလျှင်
အဆင်သင့် ဖြစ်အောင် စဉ်းစားနိုင်ဖို့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ရန်
တင်ပြခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ လွှတ်တော်တွင်း အတိုက်အခံ ပါတီများ
အပါအ၀င် ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ချက်များ ကြီးထွားလာနေကြချိန်
ဦးဌေးဦးက ထိုဖြစ်စဉ် သေးမွှား သွားစေရန် တမင် ရည်ရွယ်လျက်
ပြောကြားလိုက်ပုံ ရသည်။ တစ်နည်းအားဖြင့် ပြည်သူတို့ အပေါ် အခြေခံရမည့် အာဏာရ
ပါတီ၏ စေတနာနှင့် တာဝန်ယူမှု ကင်းမဲ့ပုံများအား အတိအလင်း ဖော်ဩန်း
ခဲ့ခြင်းပင် ဖြစ်သည်။
ဖုံးမနိုင် ဖိမရ
ဖုံးမနိုင် ဖိမရ
အတိုက်အခံ နိုင်ငံရေးပါတီများ၏ ဒီမိုကရေစီ လိုလားချက် များကို ဆန်ခါစစ်ချသလို စစ်ပြီး ဖယ်ရှင်းလိုသဖြင့် ယခုလို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောင်ချောက် ဆင်ထားခြင်း ဖြစ်သည်။ ပြီး အချိန်မတိုင်သေးဟု အကြောင်းပြကာ သူတို့ ပြင်ဆင်လိုသော ပုဒ်မအချို့ကိုသာ ပြင်သွားလိမ့်မည်ဟု ပြောဆို ဝေဖန်မှုများ ပြည်သူတွေကြား ပျံ့နေသည်။ သို့သော် လွှတ်တော်နှင့် ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီတို့က အချိန်တွေ ဆွဲနေသည်ကတော့ သေချာ သည်။ အာဏာပိုင်တို့ကြားမှာ ဝေခွဲမရ ခေါင်းခဲနေကြခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။ ပြင်ဆင်ရေးကို ပြည်သူတို့ အကြား အငြင်းအခုံ ဆွေးနွေးလာကြရင်း ၂၀၀၈ ဖွဲ့စည်းပုံ မှာ ဒီမိုကရေစီ သကြားဖြူးရုံ ဖြူးထားသည့် အာဏာရှင် ဖွဲ့စည်းပုံ ဖြစ်နေကြောင်း ဖုံးမနိုင် ဖိမရ ပြည်သူတွေ အားလုံး နီးပါး သိမြင်ကုန်ကြခြင်းမှာ အာဏာပိုင်တို့နှင့် အာဏာရ ပါတီအတွက် စိန်ခေါ်ခံလိုက်ရသလို အထိနာလွန်းလှသည်။ တစ်ဖန် ၈၈ မျိုးဆက်နှင့် အဖွဲ့ချုပ်တို့ ပူးပေါင်းလျက် တိုင်းနှင့် ပြည်နယ်အနှံ့ မြို့အများအပြားကို လှည့်လည် ဟောပြော၊ ပြည်သူ့ဆန်္ဒ လက်မှတ်များ စုဆောင်း ရယူနေ ကြပြန်ခြင်းကြောင့် ကိုယ်ကျိုး နည်းရကိန်းပါ ဆိုက်တော့ သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဟောပြောသော ဆန္ဒခံယူပွဲများမှာ ပြည်သူတွေ ထောင်သောင်းချီ၍ တက် ရောက် လာကြသဖြင့် လာမည့် ရွေးကောက်ပွဲများအတွက် ရာဇပလ္လင် အလှုပ်ခံကြရသလို ခံစားနေကြရဟန် တူသည်။
ကိုယ်မကောင်း ခေါင်းရွေ့
ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဇူလိုင်လ ၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု လွှတ်တော် နာယကနှင့် အာဏာရပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခမျာ မျှော်လင့်မထားသည့် သတင်းထောက်များ၏ မေးခွန်းကြောင့် “အင်န်အယ်လ်ဒီက သူ့ဆန္ဒ၊ သူ့သဘောထား နှင့် လုပ်တာ ဖြစ်ပါတယ်၊ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အပေါ်တော့ သိပ်ပြီးတော့ သြဇာ သက်ရောက်နိုင်တဲ့ အနေအထား မရှိပါဘူး” ဟု အလွယ် ဖြေသွားခဲ့ရသည်။
လူထုလှိုင်းလုံးကြီးတွေ တလိပ်လိပ် ရှေ့ဆင့်နောက်ကဲ တက်လာကြပြီး သယ်ဆောင်လာကြသော အစစ်အမှန် ဆန္ဒတို့ (ကနဦး ကြေညာချက်အရ ၃.၃ သန်းကျော်) သည် ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံခဲ့ကြသည်ဟု ဆိုသော ၉၂.၄၈ ရာခိုင်နှုန်း (ဦးရေ ၂၄.၈ သန်းနီးပါး) ကို အသာတကြည် လွင့်တိုက် ချေဖျက်နိုင်လိုက်ပုံကို ပြည်သူတို့ မျက်ဝါးထင်ထင် မြင်တွေ့နိုင်ကြပြီ ဖြစ်သည်။ (ယခုလကုန်ပိုင်း စာရင်းချုပ် ကြေညာလျှင် ထို့ထက် အပုံကြီး များလာနိုင်သည်) ထို့ကြောင့်လည်း အာဏာပိုင်တို့၏ အပိတ်အပင်၊ အတားအဆီး၊ အနှောင့်အယှက် အမျိုးမျိုးကို ဟောပြောပွဲ များ ကျင်းပရာတွင် ပိုတွေ့လာကြရခြင်း ဖြစ်သည်။ အကယ်၍ အာဏာပိုင်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိသည်ဟု ဆိုပါမူ နှောင့်ယှက်ဖို့ရန် အကြောင်းမရှိ။ ကိုယ်ကောင်း ခေါင်း ဘယ်ရွေ့မည် မဟုတ်ပေ။
တဲပုတ်ငယ်နှင့် စက္ကူစုတ်
ဇူလိုင်လ ၁၂ ရက် ပခုက်္ကူမြို့ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးပြီး ထောက်ခံမည့် ကိစ္စ ဘာအကျိုး ရှိနိုင်မည်လဲဟု လူတချို့ မေးမြန်းခဲ့ကြသည်ကို “(နာယကကြီး ပြောသလို) ကော်မတီ ပေါ်မှာ သက်ရောက်မှု မရှိနိုင်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒီ ၃၁ ဦး ကော်မတီ အပေါ်မှာ သက်ရောက်မှု မရှိနိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ စောင့်ပြီး ကြည့်ရမှာ၊ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး စောင့်ပြီး ကြည့်ရမယ့် ကိစ္စ ရှိပါတယ်၊ ပြည်သူရဲ့ ဆန်္ဒက လွှတ်တော်အပေါ်မှာ ဘယ်လောက် သက်ရောက်မှု ရှိသလဲဆိုတာ ပြည်သူတွေက သေသေချာချာ လေ့လာပြီး ဆုံးဖြတ်ရမှာပါ၊ အဲဒီ ဆုံးဖြတ်တဲ့ဟာမှာ ဘာကို ဆုံးဖြတ်လိုက်လဲ ဆိုတာ အခု လွှတ်တော်ရဲ့ တန်ဖိုးကို ဖြတ်တာပဲ ဖြစ်တယ်လို့ ကျွန်မအနေနှင့် ပြောချင်တယ်” ဟု ဘွင်းဘွင်း ဖြောင့်ဖြောင့် ပြောလိုက်သည်။ ပြည်သူ့ဆန္ဒ ထင်ဟပ်နိုင်ခြင်း မရှိသည့် လွှတ်တော်ဆိုသည်မှာ တဲပုတ်ငယ် တစ်လုံးလောက်ပင် တန်ဖိုးရှိနိုင်မည် မဟုတ်။ အဆိုပါ လွှတ်တော်မျိုးက ထုတ်ပြန်လိုက်သော ဥပဒေ မှန်သမျှ စက်္ကူစုတ်ပေါ်က စာသားများပမာ ပြည်သူတို့ လေးစား နိုင်ကြမည် မဟုတ်။ ထိုလွှတ်တော်မျိုး ရှိနေသည့် နိုင်ငံ သည်လည်း ဆုတ်ယုတ် ပျက်စီးဖို့သာ ရှိသည်ကို မဆလ ခေတ်အောက်က နိုင်ငံ့ အခြေအနေအား ပြည်သူတို့ ပြန်ပြောင်း၍ အမှတ်ထင်ထင် ရှိသင့်ကြသည်။
လုံလောက်မှာလား
နာယက က ဆက်၍ “(ပြင်ဆင်ရေး အကောင်အထည် ဖော်မှု ကော်မတီ) အဖွဲ့တွင် မူဝါဒများ ရှိကြောင်း၊ မိမိအနေနှင့်လည်း မူဝါဒ ချမှတ်ပေးထားကြောင်း၊ ၎င်းင်းဘောင် အတွင်းမှ ဆောင်ရွက်ပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လုံလောက်သည့် အတိုင်းအတာ ရှိကြောင်း” ဖြင့် ထည့်သွင်း ပြောကြားသွားသည်။ အဆိုပါ မူဝါဒသည် အခြား ဒီမိုကရေစီ နိုင်ငံ လွှတ်တော်များကဲ့သို့ မိမိတို့ လွှတ်တော်အတွင်းရှိ ပါတီအသီးသီးက ကိုယ်စားလှယ် များ၏ သဘောထား ဆန္ဒကို တောင်းခံ ဆွေးနွေးပြီး ဆုံးဖြတ် အကောင်အထည် ဖော်ထားသည်လား ဆိုသော မေးခွန်းကို နာယကကြီး ဖြေကြားရန် တာဝန်ရှိသည်။ နာယက တစ်ဦးတည်း၏ မူဝါဒ ဆိုပါမူ မသင့်လျော်ပေ။ အကြောင်းမှာ နာယကသည် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ ဖြစ်နေသဖြင့် ပါတီတစ်ခု၏ ဆန္ဒ သဘောထား လွှမ်းမိုးလာ နိုင်သည့်အတွက် တရားမျှတ လွတ်လပ်နိုင်မည် မဟုတ်ပေ။ ပြီး အန္တရာယ်လည်း များသည်။ နိုင်ငံတစ်ခု၏ အနာဂတ် ရေးကို မူဝါဒ ချပေးရန် လူတစ်ယောက် သို့မဟုတ် ပါတီ တစ်ခုတည်း၏ သဘောထား၊ ဆုံးဖြတ်ချက် တစ်ခုဖြင့် လုံလောက်နိုင်မည် မဟုတ်သည်ကို ဒီမိုကရေစီ နိုင်ငံများက ခေါင်းဆောင်တိုင်း သိရှိ၊ နားလည်ထားကြပြီး ဖြစ်သည်။
အားပြိုင်မှု
ဆက်လက်ပြီး သူရဦးရွှေမန်းက “တစ်ခါတစ်ခါ ရှိတတ်တာက သဘောထား အမြင်တို့၊ ပြီးတဲ့အခါမှာ အယူအဆတွေ ကွဲနေတယ်၊ ဒါကြောင့်မို့လို့ ပါတီက ကွဲနေတယ် ဆိုတဲ့ ဟာမျိုးကို ဒီလို ယူဆပြီး ပြောနေတာတွေလည်း ရှိပါတယ်၊ ဟုတ်တယ်၊ သဘောထား အယူအဆ မတူတာ ရှိတယ်၊ သို့သော် ပါတီ မကွဲပါဘူး၊ ပါတီ မကွဲပေမယ့် သဘောထား တင်းမာမှု၊ သဘောထား ပျော့ပျောင်းမှု စသည်ဖြင့် ဒီလို ကတော့ ရှိမှာပဲ၊ လူတစ်ယောက်နှင့် တစ်ယောက် မတူဘူး” ဟု ရှင်းပြကာ အစည်းအဝေး ဆုံးဖြတ်ချက်အရ နောက်ဆုံး အားလုံး လိုက်နာရပုံကို ရှင်းပြသွားသည်။ သည်လိုမျိုး ပါတီ အဖွဲ့အစည်း တစ်ခုမှာ ဖြစ်စေ သို့မဟုတ် လူတစ်ယောက် ထက် ပိုသော အသိုင်းအ၀ိုင်း တစ်ခုမှာ ဖြစ်စေ တွေ့ကြုံ ကြရစမြဲ ဖြစ်သည်။ လက်ငင်း အချိန်တွင် ဒီမိုကရေစီ နည်းကျကျ ပြည်သူတို့အား နှောင်ကြိုးမဲ့စနစ် မျှဝေလိုသည့် အဖွဲ့အစည်း တစ်ရပ်နှင့် ပြည်သူတို့အား ချမှတ်ဘောင် တစ်ခုအတွင်း ရှင်သန်စေလိုသော နောက် အဖွဲ့အစည်း တစ်ခုတို့ အင်အားချင်း အပြိုင်အဆိုင် အားကောင်းစွာ ယှဉ်ပြိုင်နေကြချိန် ဖြစ်သည်။
ကွဲနိုင်ကောင်း တစ်ချက်
ဒီမိုကရေစီ စနစ် စစ်စစ် ဖော်ဆောင်လိုသူများက ဒီမိုကရေစီ စနစ်တွင် အခွင့်အရေးနှင့် တာဝန် တွဲပါနေပြီး သူ့စည်း သူ့ကမ်း ရှိပြီးသား ဖြစ်သဖြင့် စည်းမရှိ၊ ကမ်းမရှိမျိုး မဟုတ်ဟု ထောက်ပြကြသည်။ မူဘောင်တစ်ခု ချမှတ် အကောင်အထည် ဖော်လိုသူများကမူ ဒီမိုကရေစီ ဖော်ဆောင်စ အတွေ့အကြုံ နုနယ်ဆဲဖြစ်၍ အထိန်းအကွပ် တစ်ခုတော့ ရှိသင့်သည်ဟု စိုးရိမ်စိတ်ဖြင့် ကြိုးပမ်းလာကြသည်။ သို့သော် ယင်းတို့၏ အထိန်းအကွပ်ကို ရှေ့တင်လျက် နောက်ကွယ်က တပ်မတော် မှ မဏ္ဍိုင်သုံးရပ်စလုံးကို ချုပ်ကိုင်ထားခြင်းနှင့် အတူ မိမိတို့ အကျိုးစီးပွားအတွက် ဖွဲ့စည်းပုံဖြင့် တရားဝင် တသီးတခြား အခွင့်အရေး များစွာ အသာစီး ရယူခြင်း များကို ပြည်သူတို့ တွေ့မြင်၊ သဘောပေါက်လာကြသည်။ ထိုအခါ ရာစုနှစ် ထက်ဝက်ကျော်ခန့် စစ်အာဏာရှင် အစိုးရများ လက်အောက် မှ မလွတ် လွတ်အောင် ရုန်းကန်လာခဲ့ကြသည့် ပြည်သူတို့ လက်မခံနိုင်ကြပေ။ ထို့ပြင် ပြဿနာ အသစ်၊ ဖြေရှင်း ပုံဟောင်းများကြောင့် ပြည်သူတို့ ပိုမို ဆန့်ကျင်လာကြခြင်း ဖြစ်သည်ကို အာဏာရ ပါတီ အနေနှင့် အရှိကို အရှိအတိုင်း လက်မခံနိုင်ကြသရွေ့ ပြည်သူတို့နှင့် ပို၍ အလှမ်းဝေး လာကြမည့် နည်းတူ ထောက်ခံမှု အပိုင်းလည်း လျော့နည်း လာခြင်းကို ပိုမို ရင်ဆိုင်ကြရမည် ဖြစ်တော့သည်။ ပြည်သူ တို့နှင့် အလှမ်း ဝေးလာကြသော ယင်းဖြစ်စဉ် အခြေခံများ ကြောင့် အာဏာရ ပါတီအတွင်း ကွဲနိုင်ကောင်း တစ်ချက် ရှိနိုင်သည်ဟု ခန့်မှန်း၍ ရသည်။
ဘယ်ပေါ် ရပ်တည်မှာလဲ
ပါတီများ၏ အခြေခံ သဘောအရ မည်မျှပင် ကွဲလွဲစေကာမူ အများဆုံးဖြတ်ချက်ကို အားလုံး လိုက်နာကြရစမြဲ ဖြစ်သည်။ ဒီမိုကရေစီ စနစ်ဖြင့် စုပေါင်း တာဝန်ယူကြရမြဲ ဖြစ်သည်။ သို့သော် အထက်ကလာသည့် အမိန့် ဆုံးဖြတ်ချက်ကြောင့် မရှောင်မလွှဲ နာခံရသည်မျိုးတော့ မဖြစ်သင့်ပေ။ ယင်း အမိန့်မျိုး မကြာခဏ ဖြစ်ပေါ်လေ့ ရှိလျှင်လည်း ပါတီ သက်ဆိုးရှည်နိုင်မည် မဟုတ်ပေ။ လောကနိယာမ အရ အမှန်တရားနှင့် အမိုက် (အမှား) တရားတို့ ဒွန်တွဲနေလေ့ ရှိတတ်သည်။ သည်တရားနှစ်ခုအနက် တစ်ခုခုပေါ်တွင် ရပ်တည်လေ့ ရှိကြသည်။ နှစ်ခုစလုံးအပေါ် စုံရပ်နေသည်ဟု ကတ်သီးကတ်သတ် ဆိုလာပါမူ အမိုက်တရား မကင်းသူဟု ဆိုခြင်းမှ တစ်ပါး တခြား အဖြေ မရှိနိုင်ပေ။ အမှားနှင့် အမှန်သည် ဘယ်လို ဟန်ဆောင်၊ ဖုံးဖိ၍မျှ မရနိုင်။ ဟန်ဆောင်လေ သိသာလွယ်လေ ဖြစ်သည်။ မည်သို့ဆိုစေ လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ် အနေဖြင့် အမှန်တရား အပေါ်တွင်သာ တုံးတုံးချ ရပ်တည်သင့်ကြသည်။ မှားမှန်းသိလျက် အမှန်ဟု မကျင့်အပ်။ မှန်မှန်းသိလျက် အမှားဟု မရှောင်ခွာအပ်။ ထိုမအပ်စပ် နှစ်ပါးကို ရှောင်ကြဉ် အပ်သည်။ ထို့ပြင် အမှားကြာရှည်လာမှုနှင့် ယဉ်ပါးမိသော် အမှန်ဟု ထင်မြင် ယူဆလာနိုင်သည်။ ထိုသရုပ်ကို ခွဲထုတ် မြင်နိုင်ရုံမက အမှားနှင့် အမှန်ကို ခွဲခြား ကျင့်နိုင်သူသည် အခြွေအရံ ပိုမို ပေါစည်လာနိုင်ပြီး ကျော်စောနိုင်မှုလည်း လျင်မြန်သည်။ အဖွဲ့အစည်းဆိုပါမူ ပိုမို အားကောင်းလာ နိုင်သည်။
အပွင့်လင်းဆုံး
ယခင်နှစ် ဇွန်လအတွင်း သတင်းစာ ရှင်းလင်းပွဲတွင် လာမည့် ရွေးကောက်ပွဲ အနိုင်ရရန် မည်သို့ ပြင်ဆင်နေ သလဲဟု သတင်းထောက်တို့ မေးခွန်းကို ဒုဥက္ကဋ္ဌ ဦးဌေးဦးက “ပြည်သူ အားကိုး ထောက်ခံ ယုံကြည်မှု ရှိအောင် လုပ်နေ ပါတယ်” ဟု ဖြေကြားသွားပုံမှာ စကားလှရုံနှင့် မပြီး။ အလုပ် နှင့် သက်သေပြနိုင်ဖို့ပါ အရေးကြီးသည်။ နိုင်ငံတစ်ဝန်း အုတ်အော် သောင်းတင်း စိတ်ဝင်တစား ရှိနေကြသော ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြည်သူတွေ အားကိုး၊ ယုံကြည်မှု ရလာအောင် ချပြပြီး ကိုယ်တိုင် စည်းရုံးသင့်သည်။
အဖွဲ့ချုပ်က ပြည်ခိုင်ဖြိုး၏ သဘောထားကို တင်ပြ ဖို့လည်း စိန်ခေါ်လျက် ရှိသည်။ ၅၉(စ) မပြင်ရေး ဆန္ဒပြမှု များ ပြည်ခိုင်ဖြိုးပါတီမှ လုပ်ဆောင်နေခြင်း မဟုတ်ဟု မေလ ၆ ရက်နေ့က ငြင်းဆိုရင်း ဦးဌေးဦးက “တကယ်တမ်း ကျွန်တော်တို့ လုပ်မယ်ဆိုရင် ဒီထက် များနိုင်တယ်၊ စနစ်တကျ ရှိနိုင်တယ်၊ ကျွန်တော်တို့လည်း တက်ပြောမှာ ပေါ့၊ မဟုတ်ဘူးလား” ဟု စစ်အစိုးရများ လက်ထက် မကြာသေးသည့် အတိတ် တစ်ချိန်က သိန်းချီသော ပြည်ခိုင်ဖြိုး လူထု ပရိသတ်များ၏ ဆန်္ဒ ဖော်ထုတ် ဟောပြောပွဲများကို ရည်ရွယ်ပြီး ပြောဆို သွားဟန် တူသည်။ ထိုအစဉ်အလာကို ပြန်လည် ဖော်ထုတ်၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် မိမိတို့ သဘောထားကို အပွင့်လင်းဆုံး ချပြ ဆွေးနွေးသင့်လှသည်။
အံ့အာသရဲ
၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ဆက်လက် အနိုင် ရဦးမည်ဟု ဇူလိုင်လ ၃ ရက်နေ့က ဥက်္ကဋ္ဌ သူရ ဦးရွှေမန်းက တိုင်းသိပြည်ကျော် ကြွေးကြော်လိုက်သည်။ ဆက်လက်ပြီး သူတို့ပါတီသည် ပြည်သူ့ သဘောထားကို အလေးထား သောကြောင့်လည်းကောင်း၊ ပြည်သူ့ အခွင့်အရေးကို ဦးစားပေးသောကြောင့်လည်းကောင်း၊
တုံ့လှည့် မေတ္တာ
သူရ ဦးရွှေမန်းကိုယ်တိုင် ကိုယ့် (အကြောင်းပြချက်) စကားကိုယ် ယုံနိုင်ရဲ့လားဟု ပြည်သူတို့အကြား စောဒက မေးခွန်းဂယက် ပွက်လောရိုက်နေသည်။ အုပ်ချုပ်ရေးပိုင်း စီမံ ကိုင်တွယ်မှု၊ ပြည်သူတို့ အကျိုးစီးပွားနှင့် ဆန့်ကျင်သော ဥပဒေနှင့် နည်းစနစ်များ လွှတ်တော်များက အတည်ပြု ပြဋ္ဌာန်းမှု လတ်တလော များပြားလာမှု၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တို့နှင့် ပတ်သက်ပြီး အာဏာရ ပါတီသည် ပြည်သူတို့ သဘောထား အမြင်နှင့် ကင်းကွာ လာနေသည်တို့ကို ဆန်းစစ်ကြည့်နိုင်ကြရဲ့လား။ မကြာသေးမီကပင် ပြည်သူတို့ ပြင်ဆင်နိုင်ကြဖို့ စိုင်းပြင်း စီမံလာကြသည့် ၄၃၆ ပြင်ရေးကို ပြဋ္ဌာန်းချက်အတိုင်း ပြင်ကြရမည်ဟု ပြည်သူကို ကျောခိုင်း တတ်သော သူ့ပါတီ၏ မူအတိုင်း သူရဦးရွှေမန်း ကောက်ကောက်ပါ ကျောပေးသွားသည်ကို ပြည်သူတို့ ငြိုငြင်မိခဲ့ကြသေးသည်။ တော်ကြာ ရှင်ဘုရင်ကြီးနှင့် ၀တ်လဲတော် ပုံပြင်ထဲကလို နောက်ဆုံး ဘုရင်ကြီးသာ အရှက်တကွဲ ကြုံရပုံမျိုးတော့ မဖြစ်စေချင်။ ပြည်သူ့ သဘောထား ဧကန် အလေးထားလိုလျှင် လတ်တလော ပြည်သူတို့ စိုင်းပြင်း ကြိုးပမ်းနေကြသည့် ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) များ ပြင်ဆင်နိုင်ရေးတို့ကို တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်လောက် ဖြစ်စေ ပြည်သူတို့ဘက်မှ ရပ်တည် ဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုက်သည်။ အပြန်အလှန်အားဖြင့်မူ စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာ နိုင်အောင် မှန်ကန်သည့် အတွေးအခေါ်နှင့် လုပ်ရပ်တို့ဖြင့် ပါတီ၏ မှန်ကန် တာဝန်ယူသော ဥက်္ကဋ္ဌအဖြစ် ပဲ့ပြင် ဦးဆောင်လျက် ပြည်သူတို့ နှလုံးသားကို ဒီမိုကရေစီ နည်းကျကျ ကျုံးငင် ထွေးပိုက်၊ အောင်ပွဲများကိုလည်း ဆင်နွှဲနိုင်စေကြောင်း ဆုတောင်းလိုက်တော့သည်။
ရွှေဝင်း
No comments :
Post a Comment