Wednesday, September 11, 2013

“အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်၊ အရေးယူသင့်လျှင် အရေးယူရမည် ဖြစ်”


“အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်၊ အရေးယူသင့်လျှင် အရေးယူရမည် ဖြစ်”

LUN SWE

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမည့် ချေးငွေများကိုမူ ရယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့် နိုင်ငံခြားဘဏ်များတွင် သွားရောက်အပ်နှံထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။

အတိုးများများဖြင့် ယူသုံးပြီး အတိုးနည်းနည်းသာ ပြန်ရမည့် ဘဏ်များတွင် ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည် ဆိုခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီ ဖြစ်ကြောင်းနှင့် ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့် ဘဏ်စာရင်း သို့မဟုတ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ဘဏ်စာရင်း ဟုတ်မဟုတ် ရှင်းလင်းရန် လိုအပ်လာသည်။

နိုင်ငံတော်၏ သစ်၊ ကျောက်မျက်၊ တွင်းထွက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့ အပါအ၀င် နိုင်ငံ့သယံဇာတများ ရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊ နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများ ပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများ ပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် သယံဇာတ အရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် ဥပမာအားဖြင့် လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိ မြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းပေါင်း များစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများ အဆိုပါ ဘဏ်စာရင်းများထဲ၌ ပါနေခြင်း ရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့် အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။

နိုင်ငံနစ်နာသည့်အတွက် အဆိုပါ ဘဏ်စာရင်း ငါးခုအား နိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန် လိုအပ်လာကြောင်းနှင့် အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်လာကြောင်း၊ အရေးယူသင့်လျှင်ပင် အရေးယူရမည် ဖြစ်သည်ဟု ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။

ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့် ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။

စီးပွားရေး ပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း အထိပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း ၂၀၀၀ ကျော် ပမာဏအထိ ချေးယူသုံးစွဲ ထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည့် ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူ ရဦးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့် ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင် အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိ ပြန်ဆပ်ရန် ကျန်နေသေးသည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း မြင့်မားစွာဖြင့် ယူထားသော ချေးငွေများ အပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိ ရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘ၀ အကျပ်အတည်းများကို အစိုးရသစ် ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊ နိုင်ငံတကာ အကြွေးအားလုံးကို တစ်ချက်တည်းဖြင့် အကြေဆပ်နိုင်သည့် ငွေပမာဏများကို နိုင်ငံခြားတွင် အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင် အများပြည်သူ အနေဖြင့်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။

face book တွင် ကိုလွဏ်းဆွေ ရေးသားသော ပိုစ့်ကို  ကူးယူ သိမ်းဆည်းထားခြင်းဖြစ်ပါသည်။

No comments :

Post a Comment